Coalition statement calling for repeal of 66(d) — ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) အားပယ်ဖျက်ရန်တောင်းဆိုသည့် ပူးပေါင်းကြေညာချက်ထုတ်ပြန်ခြင်း

A joint statement by the Coalition for Telecommunications Law Reform consisting of 22 Myanmar human rights organisations calling for the repeal of Article 66(d) of the Telecommunications Law. 66(d) defines defamation online as a crime and is used to arrest and imprison members of the public. The Coalition makes demands from the government and parliament:

  • 66(d) affects the right to freedom of expression
  • 66(d) stops people talking about government corruption
  • 66(d) is being abused to arrest and punish people.

အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)အား အသုံးပြု၍ အွန်လိုင်း ပေါ်တွင် ပြောဆိုရေးသားမှုများအား “အသရေဖျက်မှု” ဖြင့် အများပြည်သူအား ဖမ်းဆီးအရေးယူ ထောင်ချမှုများ လက်ရှိ အစိုးရလက်ထက်တွင် သိသိသာသာတိုးမြှင့်လာလျက်ရှိရာ လူ့ရပိုင်ခွင့်များအပေါ် ထိခိုက်မှုများရှိလာသောကြောင့် ပုဒ်မ ၆၆ (ဃ)အား ဖျက်သိမ်းပေးရန် အပါအဝင် ဆက်သွယ်ရေးဥပဒေအပေါ် ပြန်လည်ဆန်းစစ်ရန် အရပ်ဘက်အဖွဲ့အစည်း ပေါင်း ၂၂ဖွဲ့ပါဝင်သည့် “ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနှင့် လှုပ်ရှားမှု ပူးပေါင်းအဖွဲ့” က အစိုးရအဖွဲ့နှင့် လွတ်တော်အားတောင်းဆိုသည့် ပူးပေါင်းကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်သည်။

ဆက်သွယ်ရေးဥပဒေသည် ၁။) လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်အပါအဝင် လူ့ရပိုင်ခွင့်များအပေါ် ထိခိုက်လာ နေခြင်း ၂။) အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အဟန့်အတား ဖြစ်စေခြင်း ၃။) ဥပဒေကို အလွဲသုံးစားလုပ်မှု များကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုဘဝလုံခြုံရေးကိုပါ ထိခိုက် လာနေခြင်းများကြောင့် အဆိုပါဥပဒေအား ပြန်လည်သုံးသပ်ကာ အစိုးရနှင့် လွှတ်တော်အား အကြံပြုတင်ပြနိုင်ရန် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်များ အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းများနှင့် သတင်းမီဒီယာအဖွဲ့များအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ ၂၂ဖွဲ့ ပါဝင်သော “ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနှင့် လှုပ်ရှားမှု ပူးပေါင်းအဖွဲ့” အဖြစ်စုစည်းကာ ယခုနှစ် အစောပိုင်းကစ၍ ဆက်သွယ်ရေးဥပဒေအား လေ့လာဆန်းစစ်သုံးသပ်ခဲ့ပါသည်။

ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့၏ လက်လှမ်းမှီသလောက် ကောက်ခံရရှိသည့် စာရင်းများအရဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံရသည့်အမှုပေါင်း ရ၀ မှုအထိ ရှိလာသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဥပဒေပါ ပုဒ်မ ၈၀(ခ)အရ ပုဒ်မ ၆၆(ဃ)ပါ “အသရေဖျက်မှု” ဖြင့် အမှုဖွင့် တရားစွဲဆိုနိုင်ရန် “ကြိုတင်ခွင့်ပြုမိန့်” တောင်းခံသည့် အမှုပေါင်း ၁၆၆မှုအထိ (၂ဝ၁၇ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့အထိ) ရှိကြောင်း သိရှိ ရပါသည်။ သုတေသနအဖွဲ့က ကောက်ခံနိုင်သည့် အများပြည်သူသိရှိသည့်အမှုများအနက် ယခင်အစိုးရလက်ထက်တွင် ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသည့် အမှု(၇)မှုသာ ရှိခဲ့ရာမှ လက်ရှိအစိုးရလက်ထက်တွင် အမှုပေါင်း(၆၃) မှုအထိ တိုးမြင့် လာခဲ့သည်။

ပုဒ်မ ၆၆ (ဃ) အပေါ် သုံးသပ်ချက်
ပုဒ်မ ၆၆ (ဃ)ပါ ဥပဒေဆိုင်ရာအချက်များနှင့် တရားစွဲခံရသည့်အမှုများအား လူ့အခွင့်ရေးစံနှုန်းများ၊ နိုင်ငံတကာရှိ ဥပဒေ ဆိုင်ရာအလေ့အထကောင်းများနှင့်နှိုင်းယှဉ်၍ လေ့လာသုံးသပ်ရာ အောက်ပါအချက်များကြောင့် ပုဒ်မ ၆၆ (ဃ)သည် တရားမျှတမှုကင်းမဲ့၍ ဥပဒေ၏အနှစ်သာရဆိတ်သုဉ်းသည့် ဥပဒေဖြစ်သည်ကို တွေ့ရှိရပါသည်။ ပုဒ်မ ၆၆(ဃ)ပါ ပြဌာန်းချက်များဖြစ်သည့် “ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်းသို့မဟုတ် ခြိမ်းခြောက်ခြင်း”မှာ-
၁။) လူတစ်ဦးချင်း စီအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာပြုမှုလုပ်ဆောင်နိုင်စေရန် တိတိကျကျ ရှင်းရှင်းလင်းလင်း ဖွင့်ဆို ထားခြင်း မရှိပဲ ဝေဝါးကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း၊
 အထူးသဖြင့် “နှောင့်ယှက်ခြင်း” သို့မဟုတ် “မလျော်သြဇာ သုံးခြင်း” ကဲ့သို့သော စကားရပ်များသည် ကျယ်ပြန့်လွန်းပြီး အဓိပ္ပါယ်ရှင်းလင်းမှုမရှိရာ ဥပဒေပါအချက်ကို လိုရာဆွဲ အနက်ဖွင့်ခြင်းနှင့် အသုံးပြုမျိုး ဖြစ်ပေါ် လာနိုင်စေပါသည်။ မည်သို့သော အကြောင်းအရာကို “နှောင့်ယှက်ခြင်း”အဖြစ် ဥပဒေအရ သတ်မှတ်မည် သို့မဟုတ် မည်သို့သော သြဇာသက်ရောက်မှုအား “မလျော်” ဆိုသည့် အနေအထားအဖြစ် သတ်မှတ်မည် ဆိုသည့် အရာများသည် ရှင်းလင်းခြင်း မရှိပေ။
၂။) အဆိုပါပုဒ်မပါ ပြစ်မှုများကို အပြစ်ပေးအရေးယူရန် မြန်မာနိုင်ငံရှိရာဇသတ်ကြီးနှင့် ၂၀၁၅ခုနှစ်က ပြင်ဆင်သည့် သက်သေခံ အက်ဥပဒေတို့တွင် လုံလောက်စွာပါဝင်ပြီးဖြစ်ခြင်း၊
 ရာဇသတ်ကြီး
 ချောက်လှန့်တောင်းယူမူ (ရာဇသတ်ကြီး ပုဒ်မ ၃၈၃ မှ ၃၈၉ အထိ)
 အနိုင်အထက်ပြုခြင်း၊ အကျပ်ကိုင်ခြင်း – (ရာဇသတ်ကြီး ပုဒ်မ ၁၄၇၊ ၃၄၉၊ ၃၅၀၊ ၃၆၂)
 မတရားချုပ်နှောင်ခြင်း (ရာဇသတ်ကြီး ပုဒ်မ ၃၄၀၊ ၃၄၁)
 အသရေဖျက်မှု (ရာဇသတ်ကြီး ပုဒ်မ ၄၉၉ -၅၀၁)
 နှောင့်ယှက်ခြင်း (ရာဇသတ်ကြီး ပုဒ်မ ၂၆၈)
 ခြိမ်းခြောက်ခြင်း (ရာဇသတ်ကြီး ပုဒ်မ ၁၈၉၊ ၃၈၈၊ ၅၀၃)
 ၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ခဲ့သည်(သက်သေခံအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၅ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ရ၃) ၁၈၇၂ သက်သေခံအက်ဥပဒေသည် ရာဇသတ်ကြီးတွင် ဖော်ပြထားသော ပြစ်မှုများအတွက် သက်သေခံအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ “documents” များကို ပြည့်စုံစွာဖော်ပြထားသည်။ သက်သေခံအက်ဥပဒေပြင်ဆင်သည့် ပုဒ်မ ၃ အရ “documents” ဆိုသည့် စကားရပ် အဓိပ္ပါယ်ဖွင့်ဆိုချက်၏ နောက်တွင် “electronic record and information are included” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ထားပြီးဖြစ်သည်။
“any matter expressed or described upon any substance by means of letters, figures or marks, or by more than on of those means, intended to be used, or which may be used, for the purpose of recording that matter.”
အောက်ပါအချက်တွင်လည်း ရှင်းလင်းချက်ဖော်ပြထားသည်။
(4) any disc, tape, sound-track or other device in which sounds or other data (not being visual images) are embodied so as to be capable (with or without the aid of some other equipment) of being reproduced therefrom; (7) Any record generated, sent, received or stored by means of electronic, magnetic, optical or any other similar technologies in an information system or for transmission from one information system to another.
၃။) နိုင်ငံတကာတွင် ကျင့်သုံးသည့်စံနှုန်းများနှင့် ကိုက်ညီမှုမရှိဘဲ “အသရေဖျက်မှု”ကို ရဲအရေးပိုင်သည့် ရာဇဝတ်မှု အဖြစ်သတ်မှတ်ထားခြင်း၊
 ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် ၁၀၂ကြိမ်မြောက် အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် General Comment 34 - Freedom of Expression အရ နိုင်ငံတကာကလက်ခံထားသည့် အလေ့အထကောင်းများကို ကြည့်လျင်လည်း အသရေဖျက်မှုအား ရာဇဝတ်မှုမြောက်သည့်အမှုမျိုး မဟုတ်သည်ကို တွေ့ရသည်။ မည်သည့် အသရေဖျက်မှုမျိုးကိုမဆို အဆိုးဝါးဆုံးသော အမှုမျိုးတွင်သာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူမှု မျိုးကို စဉ်းစားသင့်သည်ဖြစ်ရာ အသရေဖျက်မှုကို ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ထောင်ဒဏ်အပြစ် ပေးခြင်းတို့သည် မည့်သို့မျှသင့်လျော်ခြင်းမရှိပေ။
၄။) နစ်နာသူ၏ခွင့်ပြုချက် သို့မဟုတ် ဆန္ဒမပါဘဲ တတိယလူကတရားစွဲဆိုနိုင်ခြင်း
၅။) အာမခံပေးရာတွင် ဥပဒေအရ တသမတ်တည်းမဖြစ်ခြင်း၊ ကြောင်းကျိုးညီညွတ်မှုမရှိခြင်း
၆။) “ရည်ရွယ်လုပ်ဆောင်ခြင်း” ကို ပြဆိုနိုင်သည့် အကြောင်းအရာမျိုး ထည့်သွင်းထားခြင်းမရှိဘဲ ပြစ်မှု ကျူးလွန်ပါက ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်များချမှတ် အပြစ်ပေးနိုင်သည်ဟုဆိုရာ ရာဇဝတ်မှုဆိုင်ရာ အခြေခံမူများနှင့် ကိုက်ညီမှု မရှိခြင်း - တို့ကို တွေ့ရှိရသည်။

ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားသည့် အမှုများကိုလေ့လာရာတွင်လည်း- အဆိုပါအမှုများထဲတွင် တပ်မတော်အား အသရေဖျက်မှုဖြင့် တရားစွဲခဲ့သောအမှု(၇)မှု၊ NLDပါတီဝင်များ ကိုယ်တိုင် အခြားသူများအား တရားစွဲခဲ့သောအမှု(၆)မှုနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “အသရေဖျက်မှု”ဖြင့် ကြားလူများက တရားစွဲခဲ့သော အမှု(၈)မှုရှိသည်။ သတင်းမီဒီယာသမားများအပေါ် အရေးယူ ထားသော အမှု(၁ဝ)မှုအထိရှိနေပြီး သတင်းသမား(၁၇) ဦး တရားရင်ဆိုင်နေရပါသည်။ ထို့အပြင် တရားစွဲခံရသည့် အမှုများတွင် အဂတိလိုက်စားမှုများကို အွန်လိုင်းပေါ်တွင် ဖော်ထုတ်ရေးသားသဖြင့် ပုဒ်မ ၆၆ (ဃ)သုံးကာ “အသရေဖျက်မှု” ဖြင့် တရားစွဲဆိုခံရသည့် အမှုများလည်း ပါဝင်လာသည်ကိုတွေ့ရှိရပါသည်။ သို့ပါ၍ ပူးပေါင်းအဖွဲ့အနေဖြင့် အောက်ပါအတိုင်း သုံးသပ်ပါသည်။
၁။) မိမိ၏လွတ်လပ်စွာတွေးခေါ် ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ကို ကျင့်သုံးခြင်းကို တရား စွဲဆိုနေခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် သတင်းသမားများကို အသရေ ဖျက်မှုဖြင့်တရားစွဲကာ ရာဇဝတ် ပြစ်ဒဏ်ပေးနေခြင်းများကြောင့် မတူကွဲပြားသောအသံများကို တိတ်ဆိတ်စေလျှက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့်ကို ထိခိုက်စေသည်။
၂။) ဒီမိုကရေစီနိ်ုင်ငံတစ်ခုတွင် ရှိသင့်ရှိထိုက်သော တရားဝင်သော နိုင်ငံရေးဝေဖန်မှုများကို ရည်ရွယ်ပစ်မှတ်ထား ဖိနှိပ်နိုင်သောကြောင့် ဒီမိုကရေစီအလေ့အထကောင်းများ သေဆုံးစေသည်။
၃။) လာဘ်ပေးလာဘ်ယူကိစ္စများအပေါ် ဖော်ထုတ်တင်ပြသူများအား အသရေဖျက်မှုဖြင့် တရားစွဲကာ ဖမ်းဆီး ထောင်ချနိုင်ခြင်းကြောင့် အစိုးရ၏အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အဟန့်အတား ဖြစ်စေခြင်း၊
၄။) ဥပဒေ၏ ဝေဝါးကျယ်ပြန့်မှု၊ တိကျသည့်လုပ်ထုံးလုပ်နည်းနှင့် စီရင်ထုံးအားနည်းမှုတို့ကြောင့် လက်တစ် လုံးခြား အလွဲသုံးစားလုပ်နိုင်ခြင်းများ ရှိနေသည်ကို တွေ့ရှိရသည့်အတွက် ရေရှည်တွင် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေပြီး ပြည်သူလူထု၏ဘဝလုံခြံုမှုကိုပါ ထိပါးလာနိုင်ခြင်းတို့ကြောင့် အုပ်ချုပ်သူအစိုးရကို ယုံကြည်မှု ကျဆင်း စေကြောင်း တွေ့ရသည်။
အစိုးရနှင့် လွတ်တော်အားအကြံပြုတောင်းဆိုချက်
၁။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အားအပြီးပယ်ဖျက်ရန်
၂။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီစံနှုန်းများအပေါ် သက်ရောက်မှု
ရှိနေသောဆက်သွယ်ရေးဥပဒေပါ အခြားပုဒ်မများအား ပြန်လည်သုံးသပ်ပြင်ဆင်ရန်
၃။ ဥပဒေပြင်ဆင်ရာအဆင့်တိုင်းတွင် အများပြည်သူပါဝင်သော ညှိနှိုင်းဆွေးနွေးတိုင်ပင်မှုများ ဆောင်ရွက်ရန်

ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ၆၆ (ဃ) ဖျက်သိမ်းရေးနှင့် လှုပ်ရှားမှုပူးပေါင်းအဖွဲ့
1. Action Committee for Democracy Development (ACDD)
2. Article 19
3. Burma News International (BNI)
4. Democratic Youth Organization
5. Engage Media
6. Equality Myanmar
7. Free Expression Myanmar (FEM)
8. Generation Wave (GW)
9. Heinrich BoellStiftung Myanmar
10. Human Rights Defender Forum
11. Mass Movement Associations Network (ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ယက်)
12. Myanmar Centre for Responsible Business (MCRB)
13. Myanmar ICT for Development Organization (MIDO)
14. Myanmar Journalists Association (MJA)
15. Myanmar Journalist Network (MJN)
16. Myanmar Journalists Union (MJU)
17. Myanmar Media Lawyer Network (MMLN)
18. Myanmar Women Journalists Society
19. PEN Myanmar
20. Phandeeyar: Myanmar Innovation Lab
21. Protection Committee for Myanmar Journalists
22. Research Teamfor Telecommunications Law (ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့)